မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး အလှမယ် ထားထက်ထက် ရဲ့“သမ္မတကြီးထံသို့ ပေးစာ”

မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်နဲ့ကြုံခဲ့ရတဲ့ပြသနာတွေကို အလှမယ်ထားထက်ထက်က “သမ္မတကြီးထံပေးပို့စာ” လို့အမည်တပ်ကာ သူမရဲ့လူမှုကွန်ယက်ပေါ်မှာမျှဝေခဲ့ပါတယ်။ အလှမယ်ထားထက်ထက်ဟာ ငယ်စဉ်ကတည်းက ကျွမ်းဘားအားကစားကို ကစားလာသူဖြစ်ပြီး အခုအချိန်မှာ အလှမယ်တစ်ယောက်အနေနဲ့ကော ကျွမ်းဘာနည်းပြတစ်ယောက်အနေနဲ့ပါ အားစိုက်လုပ်ကိုင်တယ်လို့ သိရပါတယ်။

သူမဟာသူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ….

“သမ္မတကြီးထံသို့ ပေးစာ”

အားကစားလောကမှ တာဝန်ရှိ လူကြီးများနှင့် အားကစားလောကကို တကယ် တိုးတက်စေလိုသော လူကြီးမင်းများ သိရှိ အရေးယူနိုင်ပါစေရန် ထားထက်ထက် အနေဖြင့် ကျွမ်းဘားအားကစားကို အသက် ၅ နှစ်မှ စတင် ကစားခဲ့ပြီး ၁၀ နှစ်တိုင်တိုင် နိုင်ငံ့လက်ရွေးစင်အဖြစ် SEA GAMES ပြိုင်ပွဲတွေအထိယှဉ်ပြိုင် ကစားခဲ့ပြီး ယခုအခါ ၂၀၁၅ ခုနှစ်မှစ၍ နည်းပြအဖြစ် ကျွမ်းဘားအားကစားရုံ (ကျိုက္ကဆံကွင်း) တွင် ရန်ပုံငွေ လစဉ်ပေးသွင်း၍ သင်ကြားခဲ့ရာ ၅ နှစ်နီးပါး သင်ကြားခဲ့ရာ၌ အခက်အခဲ တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ယခုအချိန်တွင် မိမိအပါအဝင် အခြားနည်းပြများ ၊ ကလေးမိဘများအတွက် များစွာ အခက်အခဲ ဖြစ်စေသည့် အကြောင်းအရာများကို တင်ပြလိုပါသည်။

Accident တခုကြောင့် ကိုယ်တိုင်မကစားနိုင်တော့တဲ့အချိန် ၂၀၁၅ ကစပြီး ကိုယ်သင်ထားတဲ့ ပညာတွေ အလကားမဖြစ်စေချင်တာ တစ်ကြောင်း ၊ ကလေးငယ်တွေကို ကျွမ်းဘားသင်ပေးချင်တာ တစ်ကြောင်းကြောင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှာ Weekend တွေဘယ်သူမှမရှိတဲ့ အချိန်ကို အချိန်ပိုင်းအဖြစ် ငှားရမ်းသင်ကြားခွင့်ပေးဖို့ စာတင်ခဲ့ပြီး ဥက္ကဌရဲ့ခွင့်ပြုချက်ဖြင့် ကလေး တစ်ယောက်နဲ့ စတင်သင်ကြားခဲ့တယ်။ ကျွမ်းဘားအားကစားရဲ့ သံတမန်အဖြစ်လဲ ခန့်အပ်ခံခဲ့ရတယ်။

သင်လာရင်းနဲ့အတန်းထဲမှာ ကလေးတွေ တဖြည်းဖြည်း တော်တော်များလာခဲ့တယ်။

ကလေးတွေ များလာတော့ လူတွေရဲ့ထုံးစံအတိုင်း မနာလိုတွေဖြစ် သူတို့ပဲ လိုချင်၊ လုပ်ချင်လာတယ်….

ဒါနဲ့ပဲ ၂၀၁၈ အစကတည်းက ယာယီအတွင်းရေးမှူးမှ စတင် နည်းလမ်းမျိုးစုံသုံးပြီး အကျင့်ယုတ်ပါတော့တယ်…

၁။ ပထမဆုံး ကစားရုံ အသစ်နဲ့အဟောင်း ၂ ခုရှိတာကို ထားထက် ကလေးတွေ အသစ်မှာကစားလို့မရဘူး၊အဟောင်းမှာပဲ ကစားရမယ်ဆိုပြီး ကလေးချင်းခွဲခြား၊ ဆရာချင်းခွဲခြားနဲ့ ဒါစည်းကမ်းပါ ဆိုပြီး စတယ် (ထားထက်ဆီမှာဆော့တဲ့ကလေးက နိုင်ငံခြားသားများပါတယ်။)

၂။ ယခင် ကလေးမိဘတွေ ထိုင်ဖို့ ခုံထားပြီး ထိုင်စောင့်လို့ရနေလျှက်နဲ့ ကလေးမိဘတွေတစ်ယောက်မှ မဝင်ရဘူး၊ အပြင်မှာပဲ နေရမယ် ဆိုပြီး အပြင်မှာ ထိုင်ခုံမရှိ နံဟောင် နေတဲ့ အိမ်သာရှေ့တွင် ၄ ယောက်ပဲ ထိုင်လို့ရမည့် ထိုင်ခုံတစ်ခုတည်းဖြင့် သက်သက်ကြီး အပြင် ထွက်စောင့်နေခိုင်းခဲ့တယ်…..

၃။ ရုံအဟောင်းမှာပဲ ကစားခွင့်ပြုတယ်ဆိုရင်လည်း ရုံဟောင်းကို အခုငှားပြီးသင်နေတဲ့ဆရာတွေအကုန်စုပြီး ပြင်ပါ့မယ်။ ဆေးတွေ သုတ်ပေးပါမယ်၊ ပစ္စည်းလိုအပ်တာတွေ ထည့်ပါမယ်၊ ပန်ကာတွေ လှူပါမယ်ပြောတာကို မလိုအပ်ဘူး မလုပ်ပေးပါနဲ့ပြောပြန်တယ်…..

၎။ ကစားစရာ ပစ္စည်းတွေကို အကောင်းတွေ အခန်းထဲသိမ်းထားပြီး အစုတ်တွေကိုသာ ထုတ်ပေးထားတယ်။ သုံးနေတဲ့ပစ္စည်းတွေဆို နောက်ရက်မှာ ဖွက်ပြီးအခန်းထဲ သိမ်းထားလိုက်တယ်….. ကစားရတာ သက်သက် အဆင်မပြေအောင် ညစ်ပြန်တယ်။

၅။ အားကစားရုံ သော့ကိုင်ထားတဲ့ လူတစ်ယောက် ကျန်ခဲ့ပေမယ့် နေပြည်တော်သွားရမှာမို့ဆိုကာ ကြိုတင်မပြောပဲ ကစားရုံကို သော့ပိတ်တယ်။ ကျောင်းအုပ်ကိုလှမ်းပြောတော့မှ မတတ်သာလို့ တံခါးလာဖွင့်ပေးတယ်…..

၆။ ကိုယ်သင်နေတဲ့အချိန်မှာ နေ့လည်ပိုင်း အချိန်ငှားထားတဲ့ သူတို့နှင့် ရင်းနှီးသောဆရာကို မနက်ပိုင်းကိုယ့်အချိန်မှာ သက်သက် လူရှုပ်အောင် လာသင်ခိုင်းတယ်။ ရှိနေတဲ့ တခြမ်းကို နေရာမပေးပဲ လုပြီး သင်ပြတယ်….

၇။ ဇာတ်လမ်းတွေဆင် ရုပ်ရှင်တွေရိုက်ပြီး ကိုယ်ကသူ့ရဲ့နောက်ကို လူတစ်ယောက်လွှတ်နောက်ယောင်ခံလိုက်ခိုင်းစေပါတယ်ဆို လုပ်ဇာတ်လုပ်ပြောတယ်။ ဒါကိုမဟုတ်ကြောင်းဖြေရှင်းပြတော့ လက်ခံပြီး နောက်ကွယ်ရောက်မှ ညွှန်ချုပ်ဆီ ကလေးဆန်စွာလို ယုတ်မာပြီး စာတက်တိုင်တယ်…..

၈။ အရင် ကားဝင်လို့ရတဲ့နေရာ ကားတွေရပ်နေကြကို နောက်တော့ ကလေးလာပို့တဲ့ကားတွေ ကလေးကိုအပေါက်ထိပဲပို့ပြီး အပြင်ပြန်ထွက်စေတယ်။ သိပ်မကြာဘူး ကလေးကိုတောင် အပေါက်ဝထိ ကားနဲ့ပို့လို့မရတွေ လုပ်ပြန်တယ်….. သူတို့ မိတ်ဆွေ ကျွမ်းဘားနဲ့ မဆိုင်တဲ့ လူတွေကားကတော့ မရပ်ရ ဆိုင်းဘုတ်ရှေ့ ရုံဝထိ ရပ်ပြထားတယ်။

၉။ အားကစားရုံ ငှားခကို ပုံမှန်ကောက်ခံနေပြီး ၂၀၁၈ နှစ်ကုန်ခါနီးမှ ပိုက်ဆံမကောက်တော့ဘူးဆိုကာ မယူတော့ဘူး။ ပိုက်ဆံမပေးပဲ မလုပ်ချင်လို့ ဒုဥက္ကဌဆီ သင်ကြားခွင့် စာထပ်တင်ပါဆိုလို့ နေပြည်တော်ထိသွားပြီး ဒုက္ကဌနဲ့တွေ့ကာ စကားပြောပြီး စာသေချာတင်ခဲ့ပါတယ်။ ဒီနေ့ချိန်ထိ စာကိုပြန်မချပေးလာပါ….

၁၀။ ၂၀၁၉ January မှာ နင်တို့သင်တဲ့အဖွဲ့ February တလလုံးဖွင့်လို့မရဘူး။ ပိတ်ပေးရမယ်ဆိုပြီး ကိုယ်တွေလိုပဲ သင်နေတဲ့ဆရာတစ်ယောက်ဆိုသူက ဖုန်းဆက်လာတယ်။ ဘာလို့လဲမေးတော့ ဆရာမက ကျောင်းသားတွေကို တလလုံးသင်ရမှာမို့တဲ့၊ နင်သင်တဲ့အချိန်နဲ့ ကွက်တိပဲမို့ ၊ ငါလဲသင်လို့မရဘူး ပိတ်ပေးရမှာဆိုပြီးပြောတော့ ဒါဆိုရင်စာထုတ်ပေးပါ ပိတ်ခိုင်းတဲ့သူရဲ့လက်မှတ်နဲ့အဖွဲ့ချုပ်ကစာထုတ်ပေးပါပြောတော့ လုပ်ကြံပြောနေကြတာ ဖြစ်တဲ့အတွက် စာမထုတ်ပေးနိုင်ကြဘူး။ ဒီတော့မှ ဝိနည်းလွတ်အောင် ဒါဆိုလွတ်တဲ့နေရာ အခြားတဖက်မှာ ကစားပါဆိုပြီး အတွင်းရေးမှူး လုပ်သူက လှည့်ပတ်ပြောပြန်တယ်။ တကယ်တန်း ကျောင်းသားတွေကို သင်တာ တလလုံးမှာမှ ၃ ရက်ထဲ တရက်ကို ၁ နာရီပဲ သင်ခဲ့ကြတာ….. သတ်သတ် ဉာဏ်ဆင် ကလိန်ကကျစ် ကြခဲ့တာ။

၁၁။ ပထမတစ်နှစ် အိုလံပစ်ပြိုင်ပွဲမှာ အဖွဲ့ချုပ်ကကလေးတွေအပြင် တခြားဆရာတွေဆီက ကလေးတွေပါ ပြိုင်ဖို့အတွက် ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ကြတယ်။ကိုယ့်ကလေးတောင် ဆုရသွားသေးတယ်။ နောက်တစ်နှစ်လုပ်တော့ တမင်မခေါ်ပဲ ချန်ထားခဲ့တယ်။ လူကြီးရှေ့မှာမေးတဲ့အခါ ကွေ့ဝိုက်လှည့်ပတ်ဖြေပြီး အဖွဲ့ချုပ်က ကလေးတွေ သီးသန့်လုပ်တဲ့ပွဲပါဆိုပြီး Olympic Day Run ခေါင်းစဉ်ကြီးတပ်ထားလျှက်နဲ့ လိမ်ညာပြောတယ်။ (ကစားတဲ့ ကလေးတွေများရင် ယှဉ်ပြိုင်ရတာတွေ ပြိုင်ပွဲ အတွေ့အကြုံတွေ များမှာစိုးတာလား?)

၁၂။ အခုလို သေးသေးမွှားမွှားကော ကြီးကြီးမားမားတွေပါ မျိုးစုံညစ်ရာကနေ နောက်ဆုံးတော့ အဖွဲ့ချုပ်အသစ်ပြောင်းတဲ့အချိန် အရင်အဖွဲ့ချုပ်တုန်းက အကျင့်ပျက်မှုကြောင့် ထုတ်ပယ်ထားတယ်ဆိုတဲ့ သူတွေကပြန်ဝင်လာပြီး အကြောင်းပြချက်မရှိ ဘယ်အဖွဲ့မှပေးမသင်တော့ပါဘူးဆိုပြီး သူတို့စိတ်ကြိုက် စည်းကမ်းတွေထုတ်၊ ကြိုက်သလိုတွေ ပြောဆိုလုပ်နေကြတာ မြင်မကောင်းဘူး… ဒီလူတွေ စိတ်ဓာတ်၊ အကျင့် စာရိတ္တ အကြောင်း ကျွမ်းဘား လောကက လူတွေ သိကြတော့ စိတ်ပျက်ပြီး အဆက်အသွယ်ကို မလုပ်ချင်ကြတော့ဘူး။

၁၃။ ငှားခ ပိုက်ဆံသွင်းနေရာကနေ မယူတော့ဘူး အတင်းစလုပ်ကတည်းက အကွက်တွေရွှေ့နေပြီဆိုတာ သိနေလို့ ငှားခပေးပါမယ် ဆိုတာ လက်မခံခဲ့ဘူး၊ အဖွဲ့ချုပ် အသစ်ဖွဲ့တော့လည်း အချင်းချင်း လက်သိပ်ထိုး ရာထူးယူကြ အမျိုးမျိုး ညစ်ပြပြီး နည်းပြ အဖွဲ့တွေ အကုန် ကန်ထုတ်ခံခဲ့ရတယ်။

ဒါပေမယ့် ကလေးတွေကိုကစားခွင့်မပေးတဲ့အခါမှာ နောက်ဆုံးအနေနဲ့ပြေလည်အောင် မေတ္တာရပ်ခံ တောင်းဆိုပြီး ညှိနှိုင်းတဲ့အခါမှာတောင် လုပ်ပေးလို့ရရက်နဲ့ မလုပ်ပေးပဲ နည်းလမ်းမကျတဲ့စကားတွေသာပြောခဲ့ပါတယ်။

ယခုကျွမ်းဘားအဖွဲ့ချုပ် အသစ် ဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာမှုမရှိပဲတည်ထောင်ခဲ့ပြီး ယခင်ကျွမ်းဘား အဖွဲ့ချုပ်မှ ကိုယ်ကျင့်တရားနှင့် လူမှုရေးဖောက်ပြန်မှု၊ အကျင့်ပျက် စည်းကမ်းဖောက်ဖျက်မှုအပါအဝင် ပြစ်ချက်ပေါင်း (၁၄) ချက်ဖြင့် ယခုလက်ရှိ ဒု-ဥက္ကဌ အား ၂၀၁၂ ခုနှစ်တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်၍ တရားဝင်မျက်နှာစုံညီ လက်မှတ်ရေးထိုး၍ အများရှေ့တွင် ထုတ်ပယ်ထားခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ ထုတ်ပယ်ခံထားရသော နည်းပြဟောင်းမှ လက်ရှိတွင် ဒု-ဥက္ကဌ ရာထူးဖြင့် ဝင်ရောက်ချုပ်ကိုင်လျှက် ရှိပါသည်။

ယခုလက်ရှိ ဒု-ဥက္ကဌမှာ ယခင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူစဉ် အရှေ့တောင်အာရှပြိုင်ပွဲအတွက် အင်ဒိုနီးရှားနိုင်ငံသို့ ကစားသမားများနှင့်အတူ သွားရောက်စေခဲ့ရာတွင် မြန်မာနိုင်ငံမှကျွမ်းကျင်သော ဒိုင်မရှိသော်လည်း သြစတြေးလျနိုင်ငံသား အဖြစ်ခံယူထားသော ၎င်း၏အကိုဖြစ်သူကို အပြည်ပြည်ဆိုင်ရာ ကျွမ်းဘားဒိုင်လူကြီးဖြစ်ကြောင်း မဟုတ်မမှန်ပဲ အဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနကို လိမ်လည်ပြီး ဝတ်စုံစရိတ်နှင့် အထောက်အပံ့များ တောင်းယူခဲ့သဖြင့် ကျွမ်းဘားအဖွဲ့ချုပ်မှ ယခုလက်ရှိ ဒု-ဥက္ကဌအား ထုတ်ပယ်ခဲ့ပါသည်။

အဖွဲ့ချုပ်အသစ် ရွေးချယ်ရာတွင် စည်းကမ်းချက်များစွာ ချမှတ်ထားသော်လည်း အမှန်တကယ်ရွေးချယ်သည့်အခါ ၎င်းတို့အချင်းချင်းသာ လက်သိပ်ထိုးမဲပေး၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်နေပါသဖြင့် ပွင့်လင်းမြင်သာမှုမရှိသော မဲပေးရွေးချယ်မှု အဆင့်ဆင့်အား ပြန်လည်စစ်ဆေးရန် လိုအပ်နေပါသည်။

လက်ရှိသင်ကြားနေသော ဆရာ ၊ ဆရာမများ အားလုံးကို ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိပဲ အထက်မှ သဘောတူညီမှုဖြင့် လက်မှတ်ထိုး စာထုတ်ပြန်ထားသည်ဟု ဆိုကာ ၎င်းတို့စိတ်ကြိုက် စည်းကမ်းများထုတ်၍ တရားဝင်စာထုတ်ပြန်ခြင်း မပြုပဲ ထုတ်ပယ်ခဲ့ပါသည်။ တရားဝင်စာထုတ်ပြန်ခြင်း မရှိပါက အားကစားရုံအားချက်ချင်းမပိတ်ရန် ညှိနှိုင်းခဲ့ပါသော်လည်း ၎င်းတို့ဆန္ဒအရ ရုံပြင်မှ သော့ခတ်ပိတ်ပင်ထားခဲ့ပါသည်။ လာရောက်သင်ကြားမည် ဆိုပါက ရဲခေါ်ပြီး စောင့်ခိုင်းထားမည်ဟုလဲ ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။၎င်းတို့အဖွဲ့မှ သင်ကြားပြသနေသော ကလေးများကိုသာ ရုံအတွင်းသို့ တံခါးဟပေးပြီး သော့ပြန်ပိတ်ထားခြင်း ၊ နောက်ပေါက်မှ ဝှက်၍ဝင်စေခြင်းတို့အား ပြုလုပ်ခဲ့ပါသည်။

မိမိတို့နည်းပြများမှာ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်၏ အသိအမှတ်ပြု Member ဝင် နည်းပြများဖြစ်ကြသော်လည်း ယခုအဖွဲ့ချုပ်အသစ်တွင် အကျူံးမဝင်ပါဟု နည်းလမ်းမကျစွာပြောဆိုခဲ့ပါသည်။

၁၄။ အခကြေးငွေနဲ့ သင်လို့မရဘူး စာကပ်ထားလို့ သမီးကလေးတွေ အကုန်လုံးကို Free သင်ပေးမယ်…ပိုက်ဆံသွင်းရမယ်ဆို အဖွဲ့ချုပ်က ကလေးမိဘတွေဆီမှာကိုယ်တိုင် ကောက်ခံပါ… ထားထက်ထက်က ကလေးတွေကို အလကား သင်ပေးပါမယ်ပြောတာ မရဘူး။ ထားထက်ထက် ကလေးတွေကို ထားထက် ကိုယ်တိုင် သင်ခွင့် မပေးဘူး မသင်ရဘူး…ဘာလို့လဲ မေးတော့ Why? ဆိုတာကိုမမေးနဲ့ ဒါစည်းကမ်းပါတဲ့… ဆိုပြီးသူမရဲ့ခံစားချက်တွေကို တင်ပြထားတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *